SLE လို့ခေါ်တဲ့ အရေပြားလေးဖက်နာအကြောင်း သိသင့်သမျှ
မင်းသမီးသက်မွန်မြင့် ခံစားနေရတယ်ဆိုတဲ့ SLE အရေပြားလေးဖက်နာရောဂါဟာ Autoimmune Disease လို့ခေါ်တဲ့ ကိုယ်ခံအားစနစ် မူမမှန်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။
အရှည်ကောက်အားဖြင့် Systemic Lupus Erythematosus လို့ခေါ်ပြီး ခန္ဓာကိုယ်ထဲက တစ်ရှူးနဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ကိုယ်ခံအားစနစ်က ပြန်လည်တိုက်ခိုက်တဲ့ ရောဂါပါ။
အရေပြား၊ အဆစ်အမြစ်တွေ၊ သွေးဆဲလ်တွေ၊ ဦးနှောက်၊ နှလုံး၊ အဆုတ်၊ ကျောက်ကပ်စတဲ့ အင်္ဂါတွေကို ထိခိုက်တတ်ပါတယ်။
ဖြစ်ရတဲ့ အကြောင်းရင်း…
မွေးရာပါ မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်သလို တချို့သော ရောဂါပိုးတွေ၊ ဆေးတွေ (အတက်ကျဆေး၊ သွေးတိုးကျဆေး၊ ပိုးသတ်ဆေး) နဲ့ နေရောင်ခြည် ထိတွေ့တာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဘယ်လိုလူတွေမှာ အဖြစ်များလဲ?
- အမျိုးသမီးတွေ
- အသက် ၁၅ နှစ်ကနေ ၄၅ နှစ်ကြား အရွယ်တွေ
- အာဖရိကန်၊ အမေရိကန်နဲ့ အာရှလူမျိုးတွေမှာ ပိုအဖြစ်များပါတယ်။
ရောဂါလက္ခဏာတွေ…
ရောဂါက ဘယ်အင်္ဂါအစိတ်အပိုင်းကို ထိခိုက်ထားလဲ ဆိုတဲ့အပေါ်မူတည်ပြီး
တစ်ယောက်နဲ့တစ်ယောက် ခြားနားနိုင်ပါတယ်။ အများအားဖြင့်…
- ဖျားတာ
- အဆစ်တွေကိုက်ပြီး တောင့်တင်းနေတာ၊ ရောင်နေတာ
- မောပန်းနွမ်းနယ်နေတာ
- နှာခေါင်းရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ အနီစက်တွေထွက်လာတာ (လိပ်ပြာပုံနဲ့ တူပါတယ်)
- နေရောင်ခြည်နဲ့ ထိတွေရင် ပိုဆိုးတဲ့ အရေပြားအနာတွေ ဖြစ်တာ
- အအေးနဲ့ထိတွေရင် ဖြစ်ဖြစ်၊ စိတ်ဖိစီးရင်ဖြစ်ဖြစ် ခြေဖျားလက်ဖျားတွေ ဖြူဖျော့လာတာ၊ ပြာလာတာ
- ပါးစပ်မှာ အနာတွေဖြစ်တာ
- ဆံပင်ကျွတ်လွယ်တာ
- ရင်ဘတ်အောင့်တာ၊ မောတာ၊ အဆုတ်ထဲ ရေဝင်တာ (အဆုတ်ကို ထိခိုက်ရင်)
- ခေါင်းကိုက်တာ၊ မှတ်ဥာဏ်လျော့လာတာ၊ လေဖြတ်တာ၊ တက်တာ (ဦးနှောက်ကို ထိခိုက်ရင်)
- ကျောက်ကပ်ပျက်စီးတာ
- နှလုံးပျက်စီးတာ စတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။
ကိုယ်ခံအားစနစ်နဲ့ ဆိုင်တဲ့ရောဂါမို့ ရောဂါပိုးတွေ ခဏခဏဝင်တာ၊ အရိုးကျိုးလွယ်တာ၊ ကင်ဆာဖြစ်နိုင်ခြေရှိတာ၊ ကိုယ်ဝန်ဆောင်တွေမှာ ပေါင်မပြည့်၊ လမစေ့ကလေးမွေးတာ စတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း ဖြစ်နိုင်ပါသေးတယ်။
SLE ဟာ ကုသလို့ ရောဂါလက္ခဏာတွေ ပျောက်ကင်းသွားရင်တောင် အချိန်မရွေး ပြန်ဖြစ်နိုင်တဲ့ ရောဂါမျိုးပါ။ ပုံမှန်ဆေးကုသမှု ခံယူရင်း ရောဂါလက္ခဏာတွေ မပေါ်လာအောင်သာ ထိန်းထားနိုင်တဲ့ ရောဂါမို့ ဆရာဝန်နဲ့ ပုံမှန်ပြသနေဖို့ လိုအပ်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်